ရန်ကုန်၊ ၂၀၁၉ ခုနှစ် သြဂုတ် ၂၂ ရက်
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဖက်စပ်အသက်အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိမည့် ပြည်တွင်းအသက်အာမခံ ကုမ္ပဏီများနှင့် နိုင်ငံခြားအသက်အာမခံ ကုမ္ပဏီများ အမည်စာရင်းကို ကြေညာချက်အမှတ်(၃/၂၀၁၉) ဖြင့်(၃၁-၇-၂၀၁၉) နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါကြေညာချက်အရ ဖက်စပ်အသက်အာမခံ လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိမည့် ဂျပန်အသက်အာမခံကုမ္ပဏီ Taiyo Life သည် Capital Life (မြို့တော်အသက်အာမခံကုမ္ပဏီ)တွင် မတည် ရင်းနှီးငွေ ပမာဏ ၃၅ % အစုရှယ်ရာ အသစ် ဝယ်ယူပြီး လိုင်စင်အကြိုလုပ်ငန်းစဉ်များ ဆောင်ရွက်လျှက်ရှိသည်။ ဘဏ္ဍာရေး နှစ်မကုန်မီ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဖက်စပ်အသက်အာမခံလုပ်ငန်း လိုင်စင်ထုတ်ပေးသွားမည်ဟု ခန့်မှန်းရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့အာမခံဈေးကွက်သည် ပြည်တွင်း အသားတင်ထုတ်လုပ်မှု (GDP) ၏ ဝ.၂ % သာ ရှိသဖြင့် ဈေးကွက်ထိုးဖောက်နိုင်မှု အလွန်နည်းပါးခဲ့သည်။ အထူးသဖြင့် အသက်အာမခံလုပ်ငန်းသည် ပြည်သူလူထုအတွင်း ဆွဲဆောင်မှုအားနည်းခြင်း၊ အမျိုးအစားစုံလင်မှုမရှိခြင်း၊ အရောင်းနည်းပညာ အားနည်း ခြင်းများကြောင့် ဈေးကွက်ထိုးဖောက်နိုင်မှု ပိုမိုအားနည်းခဲ့သည်။ အမှန်အားဖြင့် အသက် အာမခံလုပ်ငန်းသည် အာမခံထားရှိသူများအတွက် ငွေကြေးစုဆောင်းမှုအမျိုးအစား ဖြစ်ပြီး လိုအပ်ပါက အာမခံထားသူမှ ပြန်လည်ထုတ်ယူပြီး အရင်းအနှီးပြုလုပ်နိုင်သော အခွင့်အရေးရှိခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် အာမခံထားသူ ကွယ်လွန်ပါက ကျန်ရစ် သူ မိသားစုအတွက် ငွေကြေးအထောက်အပံ့ ရရှိစေခြင်း၊ အာမခံသက်တမ်းအတွင်း ချေးငွေထုတ်ယူနိုင်ခြင်း၊ အသက်အာမခံကုမ္ပဏီများက ရင်းနှီးမြှပ်နှံမှု ဆောင်ရွက် နိုင်ပါက အမြတ်ဝေစုခံစားနိုင်ခွင့်ရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်သည်။